Register / Log in
ဝေမျှမယ်

ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်းများကို နိုင်ငံတကာ ပုံစံအတိုင်း သုံးစွဲမှုအလိုက် ထပ်မံငွေဖြည့်နိုင်သည့် (Refill) ကတ် အသုံးပြုသည့် စနစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စတင်စမ်းသပ်နေသည်။

ယခင် လစဉ် ဖုန်းငှားယမ်း သုံးစွဲခကို ကောက်ခံနေရာမှ ကြိုတင်ငွေပေးစနစ် ပြောင်းလဲပြီး ယခုနောက်ဆုံး ငွေဖြည့်ကတ် (Refill) ကတ်စနစ်ဖြင့် အစားထိုးရန် စတင်လိုက်ခြင်းဖြစ်သည်။

“ငွေဖြည့်ကတ် (Refill) ကတ် (၄) မျိုး ထုတ်မယ်။ ထူးက ထုတ်ပေးမှာဖြစ်ပြီးတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တဆင့် ပြောင်းပြီး အသုံးပြုဖို့ စီစဉ်မှာ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အကြီးတန်း အင်ဂျင်နီယာက ပြောသည်။

လက်ရှိ အသုံးပြုနေသည် တခါသုံး ဂျီအက်စ်အမ်များနှင့် စီဒီအမ်အေ ဖုန်းကတ်များက ထပ်မံငွေဖြည့်သုံးစွဲမရဘဲ ကတ် သက်တမ်းပြည့်ပါက ဖုန်းနံပါတ် ပြောင်းလဲ အသုံးပြုနေရသည်။

ဖုန်းနံပါတ် ကိုယ်ပိုင်ရထားသည့် ယခင် ထုတ်ပေးထားသည့် ဂျီအက်စ်အမ် ဖုန်းများမှာလည်း သုံးစွဲမှုအလိုက် လစဉ် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့ ပေးသွင်းနေရသည်။

ယခုစနစ် အကောင်အထည်ပေါ်ပါက မိုဘိုင်းလ်ဖုန်းနံပါတ် အကြိမ်ကြိမ် ပြောင်းလဲနေစရာမလိုဘဲ သုံးစွဲမှုအလိုက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်လုပ်ထားသည့် ငွေဖြည့်ကတ်များကို ၀ယ်ယူကာ သုံးစွဲနိုင်မည်ဖြစ်သည်။

Refill ကတ်ကို (၁) သောင်းကျပ်၊ (၃) သောင်းကျပ်၊ အက်ဖ်အီးစီ (၂၀)၊ အက်ဖ်အီးစီ (၅၀) တန်ဖိုးရှိ ကတ် (၄) မျိုး ထုတ်လုပ်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ပေးသည့်ဆိုင်များတွင် ရောင်းချပေးမည်ဖြစ်သည်။

အဆိုပါ ငွေဖြည့်ကတ်စနစ်ကို ပထမအဆင့်အနေဖြင့် ယခု ချထားပေးမည့် ဂျီအက်စ်အမ် မိုဘိုင်းလ်များတွင် စတင် အသုံးပြုမည်ဖြစ်ပြီး ယင်းအတွက် လျှောက်လွှာခေါ်ယူ ရောင်းချနေပြီဖြစ်သည်။

“ငှားခက (၅) သိန်း၊ အခု ဂျီအက်စ်အမ်လိုပဲ ဖုန်းနံပါတ် အသေရမယ်။ အခုထုတ်နေတဲ့ ကတ်ဖုန်းလို ခဏခဏ နံပါတ် ပြောင်းနေစရာ မလိုဘူး” ဟု ဖုန်းလျှောက်လွှာ ရောင်းချသူက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဂျီအက်စ်အမ် မိုဘိုင်းလ် ဆက်သွယ်ရေးလုပ်ငန်းအတွက် ဦးတေဇ၏ ထူးဂရု (group) လုပ်ငန်းခွဲ တခုဖြစ်သော Myanmar Avaia Services က ရုရှားကုမ္ပဏီ CBOS နှင့် ပူးပေါင်းကာ ပရီပိတ်ကတ်များ၊ တခါသုံး ဖုန်းကတ်များ ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။

ထူးဂရုက ယခုနှစ် ဧပြီလအတွင်း ရတနာပုံတယ်လီပို့တွင် ရုရှား၊ တရုတ်ကုမ္ပဏီတို့နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးနှင့် အိုင်တီဆက်စပ်ပစ္စည်းများ ပူးပေါင်းထုတ်လုပ်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

ယင်းနောက်ပိုင်းမှစပြီး မြန်မာ့ဆက်သွယ်ရေးလောကအတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

  • Share/Bookmark
ဝေမျှမယ်

0 Responses

Stay in touch with the conversation, subscribe to the RSS feed for comments on this post.

Some HTML is OK

or, reply to this post via trackback.

Add video comment